UNFCနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ့ဆုံမည်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က UWSP "၀" ခေါင်းဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားထားတယ်လို့ UNFC အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် ကပြောပါတယ်။
UNFC နဲ့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကြား မူဝါဒပိုင်းမှာ သိပ်ကွဲပြားနေတာတွေမရှိတဲ့အတွက် ညှိနှိုင်းမှုတွေလုပ်ဖို့ အကြောင်းကြားစာ ပို့ထားတာဖြစ်တယ်လို့ UNFC အဖွဲ့ နိုင်ငံခြားရေးဌာနတာဝန်ခံ ဦးထွန်းဇော် က ပြောပါတယ်။
"မြောက်ပိုင်းမဟာမိတ်လိုဖြစ်နေတဲ့ အစုအဖွဲ့အနေအထားနဲ့လည်း ကျနော်တို့ ညှိုနှိုင်းဖို့လိုတယ်။ သူတို့နဲ့လည်း ကျနော်တို့ကတော့ မူဝါဒရေးရာပိုင်းအရတော့ သိပ်ကွဲပြားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အစိုးရ တပ်မတော် ဘက်က ရပ်တည်ချက်အပေါ်မှာပဲ အဓိကမူတည်ပါတယ်။ အားလုံးကို NCA ထိုးမှ နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြီးကြောင့် ဒီလိုအနေအထားကို ရောက်နေရတာဖြစ်ပါတယ်၊ ဒီဥစ္စာကို အစိုးရ တပ်မတော်ပိုင်းက ဖြေလျော့နိုင်ဖို့လည်း တစ်ပိုင်းက လိုတယ်၊ အဲဒီအတွက်နည်းလမ်းရှာတဲ့အခါမှာ ကျနော်တို့ဘက်ကလည်း ပြင်ဆင်မှုတွေက ဘယ်လို လုပ်သွားရမလဲ ဒီလိုမျိုး ညှိုနှိုင်းတိုင်ပင် ဆွေနွေးမှုမျိုး ရှိနေဖို့လိုပါတယ်"
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဖို့ UNFC ဥက္ကဌ နိုင်ဟံသာ ဦးဆောင်သွားမှာဖြစ်ပြီး မြောက်ပိုင်းအဖွဲ့နဲ့ ဘယ် အချိန်တွေ့နိုင်မလဲဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ UNFC တို့ကြားမှာ မူဝါဒပိုင်းကွဲပြားမူတွေ သိပ်မရှိတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတကွပါဝင်လာနိုင်ရေး ညှိနှိုင်းဖို့ရှိတယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဆွေးနွေးလာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အချည်းနှီး မဖြစ်စေ ချင်ကြောင်းနဲ့ NCA လမ်းကြောင်းအတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လိုက်ပါစေလိုတယ်ဆိုရင် အစိုးရနဲ့ တပ်မတော်ဘက်က ဖြေလျော့မှုတွေလုပ်ဖို့ လိုတယ်လို့ ဦးထွန်းဇော် က ပြောပါတယ်။
အလားတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်က ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ အစိုးရနဲ့ တရားဝင် မတွေ့ဆုံခင် လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံဖို့ရှိတယ်လို့ပြောပါတယ်။
Post a Comment