ရှင်းလင်းတင်ပြချက်
=============
၁၀-၇-၂၀၁၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်စာမျက်နှာ၂၉တွင်ပါရှိသောသတင်းဆောင်းပါးနှင့်ပတ်သက်၍ပြည်သူများသိရှိစေရန် အောက်ပါအတိုင်းပြန်လည်ရှင်းလင်းတင်ပြအပ်ပါသည်-
(၁)ဂျာနယ်တွင်ပါရှိသောအချို့အကြောင်းအရာများသည်အချို့ မှန်ကန်သော်လည်းအချို့မမှန်ကန်သော အကြောင်းအရာများပါရှိပါသည်။
(၂) ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းပိုင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားပြိုကျပြီးမြူများ ထူထပ်စွာကျဆင်း၍ သွားလာရ ခက်ခဲသည်ဆိုသည်မှာ မှန်ကန်ပါသည်။
(၃) မိုင်(၅၀/၀)မှ (၈၀/၀)အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားပြိုကျပြီး မော်တော်ယာဉ်များ သွားလာခြင်းမရှိတော့သည်ဆိုသည်မှာ မှားယွင်းပါသည်။
(၄) ယခင်က ပခုက္ကူမှ မတူပီသို့ နေ့ချင်းရောက်ပြီး ယခု တစ်ပတ် ဆယ်ရက် ကြာသည်ဆိုသည်မှာ မှားယွင်းပါသည်။
(၅) ဖြစ်စဉ်အမှန်မှာ မင်းတပ်မှ မတူပီကြား (၁၀၂)မိုင်ရှိ၍ မိုးရွာလျှင် မြေပြိုခြင်းများ ဖြစ်လေ့ဖြစ်ထ ရှိပါသည်။ အဆိုပါဖြစ်စဉ်များကို ကာကွယ်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ (၁၀၂)မိုင် အတွင်း စက်ယာဉ်ယန္တရား အုပ်စု(၄)စုဖြင့် Stand By ထားရှိပြီး တောင်ပြိုမြေများကို နေ့စဉ်ဖယ်ရှား ပေးလျက်ရှိပါသည်။ ထို့ကြောင့် ယခု (၂၀၁၇)ခုနှစ်အတွင်း လမ်းပိတ်ဆို့ခြင်းမှာ လွန်ခဲ့သော အပတ်က (၄)နာရီခန့်ကြာ ပိတ်ဆို့ခြင်းမှာ အကြာဆုံးဖြစ်ပါသည်။
(၆) ယမန်နှစ်(၂၀၁၆)ခုနှစ် မိုးတွင်းကာလတွင် မြေသားပြိုကျမှုကြောင့် (၂၄)နာရီကြာ လမ်းပိတ်ဆို့မှု (၁)ကြိမ်သာ ဖြစ်ပေါ်ခဲ့ပါသည်။ (၂၀၁၅)ခုနှစ် ကိုမန်မုန်တိုင်းဖြစ်စဉ်ကြောင့် မင်းတပ်မှ မတူပီကြား မြေပြိုမှုကြောင့် (၇)ရက်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါသည်။
(၇) သို့ဖြစ်ပါ၍ ယနေ့ထုတ် ဂျာနယ်ပါ မတူပီမှ ပခုက္ကူသို့ တစ်ပတ် ဆယ်ရက်ခန့် ကြာအောင် သွားလာရသည် ဆိုသည်မှာ (၂၀၁၅)ခုနှစ်က ကိုမန်မုန်တိုင်းဖြစ်စဉ်ကာလအတွင်းသာ ဖြစ်ပေါ်ခဲ့၍ ယခု (၂၀၁၇)ခုနှစ်တွင် ထိုကဲ့သို့ဖြစ်စဉ်မျိုး လုံးဝ မဖြစ်ခဲ့ပါ။
(၈) ပခုက္ကူမှထွက်သော ခရီးသည်လိုင်းကားသည် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် (၅၀/၀)စခန်းတွင် ညအိပ်ရပ်နား၍ နောက်တစ်နေ့မနက် (၁၀)နာရီခန့်တွင် မတူပီသို့ ရောက်ရှိပါသည်။ ထို့အတူ မတူပီမှ ထွက်သော ခရီးသည်လိုင်းကားသည် နောက်တစ်နေ့မနက် အစောပိုင်းတွင် ပခုက္ကူသို့ ရောက်ရှိပြီ ဖြစ်ပါသည်။
မင်းတပ်မှ မတူပီအပိုင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုခြင်း၊ မြူဆိုင်းခြင်း၊ ရွှံနှစ်များရှိ၍ သွားလာရန် ခက်ခဲသည် ဆိုသည်မှာ မှန်ကန်သော်လည်း ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကြိုတင် စီမံချက် ချမှတ်၍ လမ်းပိတ်ဆို့ပြတ်တောက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။
(ဆောက်လုပ်ရေးဝန်ကြီးဌာန)
Post a Comment